photo

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေး

07/10/2025

နေပြည်တော် ဇူလိုင် ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့သည် ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး (နေပြည်တော်) ၌ တွေ့ဆုံကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ အဖွဲ့ဝင်ဦးခင်မောင်ဦး၊ အတွင်းရေးမှူး ဦးရဲရင့်လွင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့်အဖွဲ့ဝင် ဦးတင်အောင်၊ ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်းတို့ တက်ရောက်ကြသည်။

ဝိုင်းဝန်းဆောင်ရွက်

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌတို့က ကျင်းပပြုလုပ်ရန်ရှိသော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစေရန်၊ ပါဝင်ထိုက်သူများပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန်၊ ဥပဒေနှင့်ညီညွတ်ပြီး သတ်မှတ်သောစံနှုန်းများ ကိုက်ညီစေရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလသုံးခုလုံး၌ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်များအပါအဝင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ မဲပေးနိုင်ရေးကိစ္စများ၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပညာပေးမှုကိစ္စများ၊ မြန်မာ electronic မဲပေးစက်များ (MEVM) ဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကိစ္စများ စသည့်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

10.07.2025
photo

ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် မန္တလေးမြို့နှင့်အနီးဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ

07/10/2025

မန္တလေး ဇူလိုင် ၉

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ကုသိုလ်ကောင်းမှုပြု

နံနက်ပိုင်းမှစတင်၍ မန္တလေး မြို့၏အထင်ကရဖြစ်သော မဟာ မုနိရုပ်ရှင်တော်မြတ်ကြီးသို့ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော် ကြည်ညိုကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်းများအပြင် ဥပုသ်သီတင်းသီလဆောက်တည်၍ တရားဘာဝနာ အားထုတ်ခြင်းနှင့် ဘာသာရေး၊ လူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို အဖွဲ့လိုက်၊ မိသားစုလိုက်ရွတ်ဖတ်ခြင်း များဆောင်ရွက်ကြပြီး ကုသိုလ်ကောင်းမှုပြုကြသည်။ 

စည်ကားလျက်ရှိ

အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတ ဒါနဘေးမဲ့လွတ်ခြင်း စသည့် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင် ရသည်။

ထို့အတူမန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မန္တလေးမြို့ပေါ် ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များအားရည်မှန်း၍ ပင့်သံဃာ ၂၇ ပါးတို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အလှူအဖြစ် ကျင်းပသည်။

ထို့ပြင် မြို့၊ ရွာ၊ ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များက သီလပေးတရားတော်များနှင့် နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ခြင်းစသည့် တရားဓမ္မသံများဖြင့်လည်း ထုံမွမ်းလျက်ရှိသည်။ 

အလားတူ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်၊ ဝေရောစနကျောက် စိမ်းစေတီတော်၊ အောင်တော်မူဘုရားနှင့် အခြားဘုရား၊ စေတီတို့တွင်လည်း လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်း ဒါနပြုကြသည်။ 

ထို့အတူ မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အပန်းဖြေ စခန်းများ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား၊ တောင်သမန်မယ်ဇယ်လွင်ပြင်အပန်းဖြေစခန်း တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း

10.07.2025
photo

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးသင့်ဝန်ထမ်းများအတွက် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်းက အလှူငွေ၊ ဆိုလာမီးအိမ်နှင့်ဆေးဝါးများ ပေးအပ်လှူဒါန်း

07/10/2025

နေပြည်တော် ဇူလိုင် ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးသင့်ဝန်ထမ်းများအတွက် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက အလှူငွေ၊ ဆိုလာမီးအိမ်နှင့် ဆေးဝါးများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်ရန် တပ်ဆင်ထားသော Container House များတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းက ငွေကျပ် ၁၂၃၀၀၀၀ဝ၊ ဆိုလာမီးအိမ် ၁၂၃ ခုနှင့် မှန်ချိုအကြောပြေလိမ်းဆေးများကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီးကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

10.07.2025
photo

ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးလာရဟန်းရှင်လူ၊ ပြည်သူများ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကား

07/10/2025

နေပြည်တော် ဇူလိုင် ၉

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ပြည်သူများသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဗုဒ္ဓဘာသာ အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှု ပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားခဲ့သည်။

နံနက်ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့် လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

ထို့ပြင် ဘုရားဖူးလာပြည်သူများသည် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြား သာသနိကအဆောက် အအုံများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြကာ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျတည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုအလိုက်နှင့် မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။

အလားတူ နေပြည်တော်ရှိ လက်လုပ်တောင်၊ ရွှေနန်းသွင်းစေတီတော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့နယ်ရှိ ဖောင်တော်ချက်မစေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် "ဖွား၊ ပွင့်၊ ဟော၊ စံ" သံဝေဇနိယ (၄) ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့အတူ ဝါဆိုလပြည့်နေ့သည် အများပြည်သူ ရုံးပိတ်ရက်လည်းဖြစ်သည့်အတွက် နေပြည်တော်အတွင်း အပန်းဖြေအနားယူရာနေရာများ၌လည်း လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ အနားယူအပန်းဖြေကြသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။

ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော် မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံ သောနေ့နှင့် ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းစသည့် ထူးကဲမွန်မြတ်လှ သည့်ဂုဏ်အင်တို့နှင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။

မင်းကျော်စွာ၊ ဓာတ်ပုံ- ဖိုးပြည့်စုံ

10.07.2025
photo

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

07/09/2025

ရန်ကုန် ဇူလိုင် ၈

တက္ကသိုလ်တွင်း စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့် တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်က အမှာစကားပြောကြားပြီး ပါမောက္ခချုပ်နှင့် သင်တန်းသား၊ သင်တန်းသူ၊ ကိုယ်စားလှယ် များကို ပျိုးပင်များပေးအပ်၍ အဖွဲ့ဝင် ဦးစိုးတင့်က မဟော်ဂနီပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ပညာဌာနမှူး) များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကာ ကျွန်းပင် ၁၀၀၊ ပျဉ်းကတိုးပင် ၁၂၅ ပင်၊ ပိတောက်ပင် ၁၀ ပင်၊ မဟော်ဂနီ ၂၅ ပင်နှင့် မန်ဂျန်ရှား ၉၄၀ စုစုပေါင်း ပျိုးပင် ၁၂၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

09.07.2025