photo

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင် ရေယာဉ်နှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

07/09/2025

နေပြည်တော် ဇူလိုင် ၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၆ ရက်တွင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ရွာမလမ်းအမှတ် (4A, 45-1) ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၉၈၀၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်လမ်းရှိ ကမ်းနားဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၁၀၀၀၀၀) ကိုလည်းကောင်း၊ ဇူလိုင် ၇ ရက်တွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၁၂၄)ရှိ “တော်ဝင်ဆောင်း” စက်ပစ္စည်းနှင့် ကုန်မာဆိုင်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၇၇၅၀၀၀၀) ကိုလည်းကောင်း၊ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် လှိုင်းသစ်သမလမ်းရှိ “ထူး” ကုန်မာဆိုင်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၇၅၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၃၅၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၇၁၃၇၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Yoon San ရေယာဉ်တစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လေဆိပ်(ကုန်လှောင်ရုံ)၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၆၉၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၇၁၀၀၀၆၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မိုးကုတ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၂၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀) ကိုလည်းကောင်း၊ အမရပူရမြို့နယ် နတ်ရေကန်ရွာ တပ်မတော်လုံခြုံရေးဂိတ်၌ မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၉၃၆၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၉၃၉၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၀ မိုင် ၂ ဖာလုံ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၇၉၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Asia Star Bus တစ်စီး၊ Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇၉၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်၌တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဇူလိုင် ၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ရှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၄၂ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၈၂၉၃၉၆၅၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

09.07.2025
photo

မန္တလေးတိုင်းဒေသကြီးအတွင်း အသားငါးမွေးမြူထုတ်လုပ်မှုနှင့် စားသုံးဆီတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း

07/09/2025

နေပြည်တော် ဇူလိုင် ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇူလိုင် ၆ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အသားငါးမွေးမြူထုတ်လုပ်မှုတိုးတက်ရေး၊ ဆီထွက်သီးနှံ နှမ်း၊ နေကြာ စိုက်ဧကတိုးချဲ့ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ် မွေးမြူရေးသုတေသနစခန်း (မန္တလေး) ၌ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံနှင့် သရက်ကုန်း ငါးလုပ်ငန်းစခန်းမှ တာဝန်ရှိသူများ၊ မွေးမြူရေးသုတေသနစခန်း တာဝန်ခံများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တိုင်းရင်းငါးမျိုးစိတ်များအား မျိုးထိန်းသိမ်းရန်၊ မျိုးပြန့်ပွားရေးနှင့် ငါးမျိုးစိတ်အလိုက် အစာအမျိုးအစား လိုအပ်ချက်ဆိုင်ရာ သုတေသနများ ဆောင်ရွက်ရန်၊ ငါးမျိုးစိုက်ထည့်မှုနှင့် ငါးသားပေါက်ဖြန့်ဖြူးမှုတို့ကို သတ်မှတ်လျာထားချက်အတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ငါးကန်များ၊ ငါးသားဖောက် ထုတ်လုပ်မှု၊ မျိုးငါးများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပုသိမ်ကြီးမြို့နယ် ကုလားမတောင်ကျေးရွာရှိ ရွှေအိုး နို့စားနွား မွေးမြူရေးခြံ၌ နို့စားနွားများ မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်း၌ မျိုးငါးများ မွေးမြူထားရှိမှု၊ ငါးမျိုးရောင်းချမှု၊ ငါးမျိုးစိုက်ထည့်မှုနှင့် မန္တလေးငလျင်ကြောင့် ရုံးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအခြေအနများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ရွာနိုင်တောင်ကွင်း ရှိ အာရှသားဆီစက်လုပ်ငန်း၌ ပဲပုပ်ကုန်ကြမ်း စုဆောင်းခြင်း၊ သန့်စင်ခြင်း၊ အခြောက်လှန်းခြင်း၊ စက်ဖြင့် သန့်စင်ခြင်း၊ ဆီကြိတ်ခြင်း၊ ထုပ်ပိုး၍ ဈေးကွက်သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

09.07.2025
photo

မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

07/09/2025

နေပြည်တော် ဇူလိုင် ၈

မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ JSC “Rosoboronexport” ကုမ္ပဏီက ငွေကျပ် ၉၀၆ ဒသမ ၂၅၀ သန်းကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

09.07.2025
photo

ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေး ကျင်းပ

07/09/2025

နေပြည်တော် ဇူလိုင် ၈

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုပြီး ကျေးလက်နေပြည်သူများ တိုက်ရိုက်အကျိုးရရှိစေနိုင်မည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်အဝဖြင့် ဆောင်ရွက်သွားရန် သမဝါယမနှင့် ​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့သည်။

ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေးတွင် ပြည်​ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ​ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်က ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည့်အတွက် ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိ သူအားလုံးအား အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “ဒို့ကမ္ဘာမြေ တိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်မှု တန်ဖိုးမြှင့်ကွင်းဆက် ဖွံ့ဖြိုးရေးတို့ကို ဦးတည်ဆောင် ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်ပေးသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စဉ်ဆက်မပြတ် အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအဆင့် ဆင့်က စောင့်ကြည့်စစ်ဆေး၊ အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ချက်များကိုလည်း စနစ်တကျ မှတ်တမ်းများထားရှိကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ယင်း​နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၆၆၂၆ ခု အား ကျေးရွာပေါင်း ၄၀၇၂ ရွာတွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၃ ဒသမ ၃၆ သန်းခန့် အကျိုးပြု ခဲ့ပါကြောင်းနှင့် ၂၀၂၅ - ၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ​ပြောကြားခဲ့သည်။

သတင်းစဉ်

09.07.2025