MDD

နှစ်စဉ်ကြိုတင်ပြင်ဆင်ထားကြရမည့် ရေကြီးရေလျှံဘေးအန္တရာယ်

07/09/2025

နိုင်ငံတကာသတင်းစာမျက်နှာများတွင် ရာသီဥတုဖောက်ပြန်ဆိုးရွားမှုသတင်းများကလည်း လူအများစိတ်ဝင်စားကြသည့်သတင်းများဖြစ်သည်။ ကမ္ဘာ့နံပါတ် (၁) နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံ၌ပင်လျှင် ရုတ်တရက်ရေလွှမ်းမိုးမှုကြောင့် လူအများအပြားသေဆုံးရသည့်သတင်းမှာ အံ့ဩဖွယ်ရာပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ရေလွှမ်းမိုးမှုတွင် သေဆုံးသူဦးရေ ၁၀၀ ကျော်ပြီဖြစ်ကြောင်း အတည်ပြုထားသည့်အနက် ကဲရ်ကောင်တီတစ်ခုတည်းမှပင် ၈၄ ဦးထက်မနည်း ပါဝင်နေသည်ဟုဆိုသည်။ ဒါဇင်နှင့်ချီသော လူများပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရန် ကြိုးပမ်းမှုများမှာလည်း လေးရက်မြောက်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ အဆိုပါကောင်တီအတွင်းရှိ မစ်စ်တစ်အမည်ရှိ မိန်းကလေးများ၊ နွေရာသီစခန်းမှ မိန်းကလေးများနှင့် ဝန်ထမ်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကလေး ၁၀ ဦးနှင့် အကြံပေးတစ်ဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ယင်းဒေသတွင် မိုးရွာသွန်းမှုနှင့် မိုးကြိုးမုန်တိုင်းများ ထပ်မံဖြစ်ပေါ်ဦးမည့်အခြေအနေရှိပြီး နောက်ထပ်ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားဖွယ်ရှိနေသည်ဟု ဆိုသည်။

အာရှတွင်လည်း တရုတ်နှင့် နီပေါနယ်စပ်တွင် ရုတ်တရက် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး တံတားတစ်စင်း ရေထဲမျောပါသွားရာ လူ ၁၈ ဦးပျောက်ဆုံးနေကြောင်း၊ တိဗက်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ဖွယ်ရှိသည့် အဆိုပါရေကြီးရေလျှံမှုတွင် ကားများလည်း ရေထဲမျောပါသွားခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူများတွင် နီပေါလူမျိုး ၁၂ ဦးနှင့် တရုတ်လူမျိုး ခြောက်ဦးတို့ပါဝင်ကြောင်း သတင်းများတွင် တွေ့ရသည်။ ထရီရှူလီမြစ်အနီး နေထိုင်သူများအား အာဏာပိုင်များက ရေဘေးအန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။

မိမိတို့နိုင်ငံတွင်လည်း မြစ်ကမ်းများအနီးနေသူများနှင့် အနိမ့်ပိုင်းများတွင် နေသူများအား ရေကြီးရေလျှံအန္တရာယ်မှ အချိန်မီရှောင်ရှားနိုင်ရန် သက်ဆိုင်ရာက မီဒီယာများမှတစ်ဆင့် သတိပေးနှိုးဆော်လျက်ရှိရာ အလေးဂရုပြု၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်လိုသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများမှာ ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့တွင် မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်းတို့ကြောင့် မိုးသည်းထန်မှု၊ အဆက်မပြတ်ရွာသွန်းမှုများ ဖြစ်ပေါ်၍ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ မိမိနေထိုင်သည့် နေရာသည် မြစ်ချောင်းများအနီး၊ မြေနိမ့်ပိုင်းစသည်တို့တွင် ကျရောက်နေပါက နေ့ညအချိန်မရွေး ကျရောက်လာနိုင်သည့် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်လိုသည်။ အထူးသဖြင့် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် နှစ်စဉ်ရေဘေးအန္တရာယ်ဖြစ်ပေါ်လေ့ရှိရာ နေ့စဉ်အချိန်နှင့်အမျှ မိုးလေဝသသတင်းကို သတိပြုနေကြရမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုများအနေဖြင့် မိမိအိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးပြုပြင်ရန်နှင့် အိမ်ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖြစ်နိုင်ခြေများကို ကြည့်ရှုစစ်ဆေးရန်၊ အရေးပေါ်ရွှေ့ပြောင်းရန်နေရာနှင့် လမ်းကြောင်းများကို ကြိုတင်သတ်မှတ်ရန်၊ ရေစိုပျက်စီးနိုင်သည့်ပစ္စည်းများကို ရေလွတ်ရာနှင့် ခြောက်သွေ့ရာအမြင့်နေရာ၌ ထားရှိရန်၊ မိမိနေထိုင်ရာအနီးရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင် သောရေကြီးမှုအမြင့်ပေများကို မှတ်သားထားရန်၊ သောက်သုံးရေ၊ အရေးပေါ်သုံးပစ္စည်း၊ အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်၊ ချိုင့်များ၊ ကျင်းများ၊ မြောင်းများကို ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သည့်အတွက် မှတ်သားထားရန်တို့ကို ဝါယမစိုက်ထုတ်ကာ ပြုလုပ်ထားခြင်းအားဖြင့် အန္တရာယ်ကျရောက်လာသည့်အခါ ရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဖြစ်သည်။

မိမိတို့၏ ဉာဏ်ပညာ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်မြော်တွေး၍ ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်ကျရောက်လာသည့်အချိန်တွင် မိမိတို့ကြိုတင်ပြုလုပ်ထားသည့် အစီအမံများနှင့်အညီ ဘေးအန္တရာယ်မှ ရှောင်ရှားခြင်းနှင့် ရင်ဆိုင်ကျော်လွှားခြင်းတို့ကို ဆောင်ရွက်ခြင်းအားဖြင့် တစ်စုံတစ်ရာသောပျက်စီးဆုံးရှုံးမှုတို့မှ ရှောင်ရှားနိုင်ကြမည်ဖြစ်ကြောင်း။ ။

09.07.2025
MDD

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

07/09/2025

ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖြစ်စဉ်တော်နှင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်သည်။ ဝါဆိုလ၏ ထင်ရှားလှသည့် ဓမ္မပူဇာပွဲမှာ “ဓမ္မစကြာအခါတော်နေ့” ဖြစ်သည်။ ဝါဆိုလပြည့်နေ့ကို အကြောင်းပြု၍ “လမြတ်ဝါဆို ကုသိုလ်တွေပိုသည့်လ” ဟုဆိုကြပါသည်။ အခြားလများထက် ဝါဆိုလပြည့်နေ့သည် ဘာသာရေးအရ အရေးပါသောလဟု နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်တိုးပွား၊ ကောင်းကျိုးများစေမည့် သာသနာတော်ဆိုင်ရာ အခါတော်နေ့ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်း စတင်ပေါ်ထွန်းသောနေ့၊ ခုနစ်ဝါမြောက် ဝါဆိုတော်မူရင်း အဘိဓမ္မာတရား ဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ဟူသည့် ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်များ အစုံပါဝင်သည့်နေ့ဖြစ်သည်။

သူတော်ကောင်းအပေါင်းတို့အနေဖြင့် ယခုလို ဝါဆိုလပြည့်နေ့ရောက်တိုင်း သဒ္ဓါတရားပေါက်ရာ အခါတော်တစ်မျိုးမျိုးဖြစ်စေ၊ အားလုံးကိုဖြစ်စေ နှလုံးသွင်းဆင်ခြင်ပြီး မြတ်ဗုဒ္ဓကို အာရုံပြု၍ ကြည်ညိုသဒ္ဓါပွားနိုင်ကြပါသည်။ ထေရဝါဒသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးဖြစ်သလို ဗုဒ္ဓဘာသာဝင်အပေါင်းတို့အနေဖြင့် ထူးထူးခြားခြား ကုသိုလ်ပွဲများ ကျင်းပကာ ပူဇော်ကြပါသည်။ ဝါဆိုလ၏အစဉ်အလာ ပဉ္စခံပွဲထက် ဓမ္မစကြာအခါတော်နေ့သည် ပိုမိုထင်ရှားလေးနက်ပါသည်။ ဝါတွင်းသုံးလရှိ ဥပုသ်နေ့တိုင်း ဘုရားကျောင်းတို့တွင် ဓမ္မစကြာတရားတော်များကို ကျားမ ကြီးငယ်မရွေး ဝတ်အသင်းသူ အသင်းသားတို့က မြန်မာပြည်တစ်ဝန်းတွင် ရွတ်ဖတ်ပူဇော်သံများကို မင်္ဂလာရှိစွာ ကြားခဲ့နာခဲ့ကြပါသည်။

ဗုဒ္ဓဘာသာဝင်အများစုသည် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်းကြသည်။ ဝါပကာလများတွင် အချို့ကျောင်းများ၌ ဥပုသ်သည်အနည်းငယ်ရှိသော်လည်း အချို့ကျောင်းများတွင် သာရေး၊ နာရေးကိစ္စများမှအပ ဥပုသ်စောင့်သူမရှိတော့ပေ။ ဝါတွင်းသုံးလ၌ ဥပုသ်စောင့်ထိန်းကြသည်ကို သာဓုခေါ်ဆိုရမည်ဖြစ်သော်လည်း ဝါကျွတ်သည်နှင့် ဘုရားသွား၊ ကျောင်းတက်နှင့် ဥပုသ်မစောင့်လိုတော့သည့်အလေ့ကို ပြုပြင်ရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ဝါတွင်း၊ ဝါပမရွေး ဥပုသ်စောင့်ထိန်းသင့်သည်။ အသက်ခန္ဓာတည်နေသမျှ ငါးပါးသီလတရားတော်မြတ်ကို လုံခြုံစွာစောင့်ထိန်းသင့်သည်။ သီလလုံခြုံသော တိုင်းပြည်သည် မလွဲမသွေ အေးချမ်းသာယာဝပြောနေမည်ဖြစ်သည်။

ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓ၏ အံ့ချီးဖွယ်မကုန် ကြည်ညိုလို့မဆုံးသည့် ဖြစ်စဉ်တော်များ အစုံအလင်ပါဝင်နေသဖြင့် ကြည်ညိုသဒ္ဓါပွားကြရမည်ဖြစ်သလို ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှစတင်၍ ရဟန်းသံဃာတော်များ ပုရိမဝါကပ်ဝါဆိုတော်မူကြသည်မှာလည်း ကြည်ညိုဖွယ်ဖြစ်သည်။ ဗုဒ္ဓသာသနာ့ဝန်ထမ်း ရဟန်းတော်များသည် ဝိနည်းတော်နှင့်အညီ ဝါတွင်းသုံးလကာလပတ်လုံး အရပ်တစ်ပါးသို့ မသွားရောက်တော့ဘဲ တစ်ကျောင်း၊ တစ်နေရာ၌ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြုကာ သီလသီတင်းဆောက်တည် ဝါကပ်တော်မူကြသည်မှာ ကြည်ညိုသဒ္ဓါပွားစရာဖြစ်သည်။ ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်တော်မူစဉ် သီတင်းသုံးရာကျောင်းတိုက်များ၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြခြင်းဖြင့် ကောင်းကျိုးများကို ဆောင်ယူရမည်ဖြစ်သည်။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့သည် ဓမ္မစကြာတရားဦး ဟောတော်မူခြင်းကို အကြောင်းခံသည်။ ကျေးဇူးလည်းရှိ ဟောလျှင်လည်း သိနိုင်သူ ပဉ္စဝဂ္ဂီ ငါးဦးတို့ကို ရှောင်ကြဉ်ရန် ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော “ဓမ္မစက္ကပဝတ္တနသုတ္တန်” (ဓမ္မစကြာ) တရားကို ဟောကြားတော်မူရာ အရှင်ကောဏ္ဍညမထေရ်သည် နတ်ဗြဟ္မာ ၁၈ ကုဋေနှင့်အတူ သောတာပန်တည်တော်မူသည်။ တရားဒေသနာအပြီးတွင် မဟာပထဝီမြေကြီးလည်း မြည်ဟည်းတုန်လှုပ်သည်။ ဓမ္မစကြာတရားဦးဟောသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေလည်းဝင်စ၊ လလည်းထွက်ပြူချိန် ဝါဆိုလပြည့် စနေနေ့ ညချမ်းအချိန်ဖြစ်သည်။

သို့ဖြစ်ရာ ဓမ္မစကြာတရားတော်သည် ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ အလယ်အလတ်လမ်းစဉ် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော တရားတော်မြတ်ဖြစ်ရာ ယနေ့ဝါဆိုလပြည့်နေ့တွင် ဘုရား၊ တရား၊ သံဃာတော်မြတ်တို့ လွှမ်းခြုံသည့် ဓမ္မစကြာတရားမြတ်ကို ကြည်ညိုသဒ္ဓါပွား နာယူမှတ်သားကြပြီး ကုသိုလ်အထူးယူကြရမည်ဖြစ်ပါကြောင်း။ ။

09.07.2025
photo

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ပေးပို့သည့် ကုန်သွယ်ရေးနှင့်သက်ဆိုင်သော သဝဏ်လွှာ/ စာနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

07/09/2025

နေပြည်တော် ဇူလိုင် ၈

“ဒီနေ့မှာတော့ မီဒီယာများ မေးမြန်းထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို ပေးပို့တဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ သဝဏ်လွှာ/ စာနဲ့ပတ်သက်ပြီး ပြောကြားသွားမှာ ဖြစ်ပါတယ်။”

“စာထဲမှာတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးပြုလုပ်လိုတဲ့အကြောင်းနဲ့ ကုန်သွယ်ရေးလိုငွေများ ရှိနေတဲ့အကြောင်း၊ အကျဉ်းချုပ်ကတော့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေအပေါ်မှာ အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်သွားမှာဖြစ်ကြောင်းနဲ့ ဒါနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုကသွင်းတဲ့ သွင်းကုန်တွေနဲ့ပတ်သက်ပြီးလည်း ဖြေလျှော့ပေးဖို့ ပြောကြားထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာလည်း မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ပြောကြားထားတာလည်း တွေ့ရပါတယ်။ အခွန်နှုန်းထားတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းနိုင်တဲ့အကြောင်း ပြောကြားထားတာလည်း တွေ့ရပါတယ်။ ဒီစာကိုလည်း ကျွန်တော်တို့ ကောင်းမွန်စွာ လက်ခံရရှိပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်မှုပမာဏအနေနဲ့ ၂၀၂၃ ခုနှစ်-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်-၂၀၂၅ ခုနှစ် မှာတော့ အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်လောက် ရှိခဲ့ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ သဘောထားအနေနဲ့ကတော့ နံပါတ်တစ်ကတော့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အချက်အနေနဲ့ကတော့ ဒီညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိမယ်လို့မျှော်လင့်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

09.07.2025
MDD

နိုင်ငံ့ရေရှည်အကျိုးအတွက် EV နည်းပညာရှင်များ ပျိုးထောင်ဆောင်ရွက်

08/7/2025

EV (Electric Vehicle) ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည်။

ဦးစွာ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက EV သုံးစွဲမှုမှ လေထုနှင့်အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေး ဆုလာဘ်များရရှိခြင်း၊ စက်သုံးဆီနှင့် အင်ဂျင်ပြုပြင်ထိန်းသိမ်းရမှုအတွက် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ ဂေဟစနစ်နှင့် ကိုက်ညီစေခြင်း၊ အဆင့်မြင့် Smart Transportation System ဖြစ်ကာ Smart City များ ဖြစ်ထွန်းလာစေခြင်း စသောအကျိုးကျေးဇူးများအပြင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို EV ကဏ္ဍဖွံ့ဖြိုးလာပါက ဖြစ်ထွန်းစေနိုင်သဖြင့် သင်တန်းသားများသည် EV သုံးစွဲသူပြည်သူများအတွက် အမှန်တကယ်အကျိုးပြုနိုင်မည့် နည်းပညာရှင်များဖြစ်စေရေး သင်တန်းကာလအတွင်း စိတ်ရောကိုယ်ပါနစ်မြှုပ်ကာ ကြိုးပမ်း လေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် EV အလုပ်ရုံသို့သွားရောက်ကာ သင်တန်းသား များ၏ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် လေ့ကျင့် သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။ အခမ်းအနားသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်)နှင့် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းသို့ ပြင်ပ EV လုပ်ငန်းများမှ သင်တန်းသား ၁၉ ဦးနှင့် ဌာနဆိုင်ရာများမှ သင်တန်းသားခြောက်ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

08.07.2025
photo

ဆန်စက်များတွင် ဆိုလာစွမ်းအင် သုံးစွဲနိုင်ရန် ကုမ္ပဏီ (၁၇) ခုနှင့် MOU ရေးထိုးထား

ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးများ၏ ဆန်စက်များတွင် ဆိုလာစွမ်းအင်ကို တိုးမြှင့် သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ဆိုလာစွမ်းအင်စွမ်းအင်ဆိုင်ရာ ကုမ္ပဏီ (၁၇) ခုနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရသည်။

ဆိုလာနည်းပညာနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အကြံဉာဏ်ပေးနိုင်ရေးအတွက် Smart Power Myanmar နှင့် MRF တို့အကြား Letter of Intent (LoI)ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပြီး ဆိုလာကုမ္ပဏီများဖြစ်ကြသည့် Danayarzar Construction၊ Asia Mega Link၊ ACEE တို့နှင့်လည်း MOU ရေးထိုးခဲ့ကြသည်။

MRF အနေဖြင့် ဆန်စက် (၂၈)ခုအတွက် တပ်ဆင်အင်အား (၄၁.၉)မဂ္ဂါဝပ် ရရှိနိုင်အောင် ယခုနှစ် မတ်လမှ စတင်ပြီး ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးများကို ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

ဆိုလာစွမ်းအင်လည်ပတ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်များရှိ ဆန်စက်များတွင် အကောင်အထည်ဖော်လျက်ရှိသည်။

လက်ရှိတွင် ဆိုလာစွမ်းအင်တပ်ဆင်မည့် စနစ်အမျိုးမျိုးများဖြင့် ဆိုလာကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ရရှိမည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီး MRF အနေဖြင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆန်/ ဆန်ကွဲ တန်ချိန် (၃) သန်း တင်ပို့ရောင်းချနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပေါင်းဆန်တန်ချိန် (၃)သိန်း တင်ပို့နိုင်ရေး လျာထားပြီး ပေါင်းဆန်စက် (၃၀)ကို အဆင့်မြှင့် တင်ခြင်းနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

08.07.2025