photo

(၁၅)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၇

မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ကကျင်းပသော (၁၅)ကြိမ်မြောက် ဟာသပညာရှင်ကြီးများအား ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်(၄၈)ရပ်ကွက်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ကန်တော့ခံသက်ကြီး ဟာသပညာရှင်များ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၏ လှုပ်ရှားမှုမှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသပြီး မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး ဂုဏ်ပြုတေးသီချင်းဖြင့် အစည်းအရုံးဝင်များက ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ကန်တော့ခံသက်ကြီး ဟာသပညာရှင်ကြီးများ၏ ဘဝတစ်သက်တာတွင် ပြည်သူများအား အပန်းပြေပျော်ရွှင်စေပြီး နိုင်ငံအေးချမ်းသာယာရေးတွင်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သက်ရှည်ကျန်းမာပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် ဟာသပညာရှင်မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအနုပညာ အမွေပေးဝေနိုင်ကြပြီး ရိုးရာအနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းကာ ဟာသလောက ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်ပါစေကြောင်း မုဒိတာစကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)သို့ ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၅၀ အား ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ အား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကလည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလှူငွေ ကျပ်သိန်း ၂၀ အားလည်းကောင်း၊ အလှူရှင်များက အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဟာသတစ်သက်တာဆုရရှိကြသည့် အကယ်ဒမီ ဦးမိုးဒီ၊ ဦးဖိုးဆောင်း၊ ဦးစံမိုး၊ ဦးတိမ်ညွန့်၊ ဦးပေါ်လေး၊ ဦးဥဩ၊ ရေဒီယို ဦးမန်းကျော်နှင့် ဦးရွှေဂဲတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

­ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဟာသဖန်တီးမှု ထူးချွန်ဆုရရှိသည့် ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)နှင့် ဟာသထူးချွန်ဆုရရှိသည့် အကယ်ဒမီများရှင် ရန်အောင်တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီး ဦးဌေးအောင်က ပရဟိတထူးချွန်ဆုရရှိသည့် ဖြူဖြူထွေး၊ ဟာသပညာထူးချွန်ဆုရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ ဟာသထူးချွန်ဆုရရှိသည့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် စိုးမြတ်သူဇာတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မျိုးဆက်သစ်ဟာသထူးချွန်ဆုရရှိသည့် သာတီတူးကိုလည်းကောင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအုန်းသီးက ဟာသထူးချွန်ဆုရရှိသည့် ဝိုင်းချစ်၊ ပရဟိတထူးချွန်ဆုရရှိသည့် ဦးချစ်စံနှင့် ဦးဒေါင်းရှိန် တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)အကြံပေးနာယက ဦးငြိမ်းချမ်းက ပရဟိတထူးချွန်ဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးပေါ်ပေါ်ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ကြီးဟာသအနုပညာရှင်ကြီးများအား ပူဇော်ကန်တော့ကြပြီး ကန်တော့ခံသက်ကြီးဟာသအနုပညာရှင်များ ကိုယ်စားသက်ကြီးဟာသ အနုပညာရှင် အကယ်ဒမီ ဦးမိုးဒီက ကျေးဇူးတင်စကားပြောကြားသည်။

သတင်းစဉ်

08.07.2025
photo

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၇

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြပြီး သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် သံအမတ်ကြီးတို့သည် အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြသည်။

ဆက်လက်၍ သံအမတ်ကြီးက ဧည့်ခံပွဲတက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်

08.07.2025
photo

နိုင်ငံ့ရေရှည်အကျိုးအတွက် EV နည်းပညာရှင်များ ပျိုးထောင်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၇

EV (Electric Vehicle) ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည်။

ဦးစွာ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက EV သုံးစွဲမှုမှ လေထုနှင့်အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးဆုလာဘ်များရရှိခြင်း၊ စက်သုံးဆီနှင့် အင်ဂျင်ပြုပြင်ထိန်းသိမ်းရမှုအတွက် ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ဂေဟစနစ်နှင့် ကိုက်ညီစေခြင်း၊ အဆင့်မြင့် Smart Transportation System ဖြစ်ကာ Smart City များ ဖြစ်ထွန်းလာစေခြင်း စသောအကျိုးကျေးဇူးများအပြင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို EV ကဏ္ဍဖွံ့ဖြိုးလာပါက ဖြစ်ထွန်းစေနိုင်သဖြင့် သင်တန်းသားများသည် EV သုံးစွဲသူပြည်သူများအတွက် အမှန်တကယ်အကျိုးပြုနိုင်မည့် နည်းပညာရှင်များဖြစ်စေရေး သင်တန်းကာလအတွင်း စိတ်ရောကိုယ်ပါနစ်မြှုပ်ကာ ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် EV အလုပ်ရုံသို့သွားရောက်ကာ သင်တန်းသားများ၏ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။

အခမ်းအနားသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)နှင့် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းသို့ ပြင်ပ EV လုပ်ငန်းများမှ သင်တန်းသား ၁၉ ဦးနှင့် ဌာနဆိုင်ရာများမှ သင်တန်းသားခြောက်ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

08.07.2025
photo

ရမည်းသင်းမြို့နယ်ရှိ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်

နေပြည်တော် ဇူလိုင် ၇

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ဌေးဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော ရမည်းသင်းမြို့နယ်အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပေးအပ်ခဲ့

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ အာမခံအလုပ်သမား ၈၀၃ ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၆၈ ဒသမ ၅၉၆ သန်းကိုလည်းကောင်း၊ မန္တလေးငလျင်ကြီးဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့သူ ကိုးဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေကျပ် ၁၂၇၆ ဒသမ ၈၇၅ သိန်းကို ၎င်းတို့၏ကျန်ရစ်သူ မိသားစုများထံသို့လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

08.07.2025
photo

မန္တလေးတိုင်းဒေသကြီးအတွင်း အသား/ငါး မွေးမြူထုတ်လုပ်မှုတိုးတက်ရေးနှင့် ကော်ဖီစိုက်ဧကပြည့်မီရေး ဆွေးနွေးမှာကြား

နေပြည်တော် ဇူလိုင် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းကျေးရွာအုပ်စု နောင်ဝယ်ကျေးရွာရှိ မွေးမြူရေးတောင်သူ ဒေါ်အေးနွမ်းစံ၏ ကောင်းမြန်မာ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒေသခံမွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးမှု ကျယ်ပြန့်လာရေးအတွက် တောင်သူကိုယ်တိုင် မျိုးချန်မျိုးပွားစိုက်ပျိုးနိုင်သည့် သီးနှံမျိုးများကို မျိုးပွားဖြန့်ဖြူးပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး တိရစ္ဆာန်အထောက်အကူပြုဆေးဝါးများပေးအပ်၍ နို့စားနွားနှင့် ဒေသနွားများ မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဇူလိုင် ၆ ရက်တွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကျေးရွာရှိ ရွှေကောင်းကင်ကုမ္ပဏီလီမိတက်နှင့် ကြက်သားဖောက်လုပ်ငန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိ၍ ဥစားကြက်မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)သို့ ရောက်ရှိပြီး ပြင်ဦးလွင်ခရိုင်/ မြို့နယ် ခြံတာဝန်ခံများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ခြံ၏ရေမြေသဘာဝနှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် ပြင်ဦးလွင်မြို့၏ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကော်ဖီစိုက်တောင်သူများ စိုက်ဧကပြည့်မီရေးကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အားတွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း အသားနှင့်ငါးမွေးမြူထုတ်လုပ်မှု အားကောင်းလာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသနေပြည်သူများအား သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

08.07.2025