photo

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၇

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြပြီး သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် သံအမတ်ကြီးတို့သည် အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြသည်။

ဆက်လက်၍ သံအမတ်ကြီးက ဧည့်ခံပွဲတက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်

08.07.2025
photo

နိုင်ငံ့ရေရှည်အကျိုးအတွက် EV နည်းပညာရှင်များ ပျိုးထောင်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၇

EV (Electric Vehicle) ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည်။

ဦးစွာ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက EV သုံးစွဲမှုမှ လေထုနှင့်အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးဆုလာဘ်များရရှိခြင်း၊ စက်သုံးဆီနှင့် အင်ဂျင်ပြုပြင်ထိန်းသိမ်းရမှုအတွက် ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ဂေဟစနစ်နှင့် ကိုက်ညီစေခြင်း၊ အဆင့်မြင့် Smart Transportation System ဖြစ်ကာ Smart City များ ဖြစ်ထွန်းလာစေခြင်း စသောအကျိုးကျေးဇူးများအပြင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို EV ကဏ္ဍဖွံ့ဖြိုးလာပါက ဖြစ်ထွန်းစေနိုင်သဖြင့် သင်တန်းသားများသည် EV သုံးစွဲသူပြည်သူများအတွက် အမှန်တကယ်အကျိုးပြုနိုင်မည့် နည်းပညာရှင်များဖြစ်စေရေး သင်တန်းကာလအတွင်း စိတ်ရောကိုယ်ပါနစ်မြှုပ်ကာ ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် EV အလုပ်ရုံသို့သွားရောက်ကာ သင်တန်းသားများ၏ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။

အခမ်းအနားသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)နှင့် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းသို့ ပြင်ပ EV လုပ်ငန်းများမှ သင်တန်းသား ၁၉ ဦးနှင့် ဌာနဆိုင်ရာများမှ သင်တန်းသားခြောက်ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

08.07.2025
photo

ရမည်းသင်းမြို့နယ်ရှိ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်

နေပြည်တော် ဇူလိုင် ၇

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ဌေးဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော ရမည်းသင်းမြို့နယ်အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပေးအပ်ခဲ့

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ အာမခံအလုပ်သမား ၈၀၃ ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၆၈ ဒသမ ၅၉၆ သန်းကိုလည်းကောင်း၊ မန္တလေးငလျင်ကြီးဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့သူ ကိုးဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေကျပ် ၁၂၇၆ ဒသမ ၈၇၅ သိန်းကို ၎င်းတို့၏ကျန်ရစ်သူ မိသားစုများထံသို့လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

08.07.2025
photo

မန္တလေးတိုင်းဒေသကြီးအတွင်း အသား/ငါး မွေးမြူထုတ်လုပ်မှုတိုးတက်ရေးနှင့် ကော်ဖီစိုက်ဧကပြည့်မီရေး ဆွေးနွေးမှာကြား

နေပြည်တော် ဇူလိုင် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းကျေးရွာအုပ်စု နောင်ဝယ်ကျေးရွာရှိ မွေးမြူရေးတောင်သူ ဒေါ်အေးနွမ်းစံ၏ ကောင်းမြန်မာ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒေသခံမွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးမှု ကျယ်ပြန့်လာရေးအတွက် တောင်သူကိုယ်တိုင် မျိုးချန်မျိုးပွားစိုက်ပျိုးနိုင်သည့် သီးနှံမျိုးများကို မျိုးပွားဖြန့်ဖြူးပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး တိရစ္ဆာန်အထောက်အကူပြုဆေးဝါးများပေးအပ်၍ နို့စားနွားနှင့် ဒေသနွားများ မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဇူလိုင် ၆ ရက်တွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကျေးရွာရှိ ရွှေကောင်းကင်ကုမ္ပဏီလီမိတက်နှင့် ကြက်သားဖောက်လုပ်ငန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိ၍ ဥစားကြက်မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)သို့ ရောက်ရှိပြီး ပြင်ဦးလွင်ခရိုင်/ မြို့နယ် ခြံတာဝန်ခံများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ခြံ၏ရေမြေသဘာဝနှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် ပြင်ဦးလွင်မြို့၏ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကော်ဖီစိုက်တောင်သူများ စိုက်ဧကပြည့်မီရေးကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အားတွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း အသားနှင့်ငါးမွေးမြူထုတ်လုပ်မှု အားကောင်းလာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသနေပြည်သူများအား သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

08.07.2025
photo

(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၇

(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်ပစ်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းကို ပစ္စတိုသေနတ်ဖြင့် ပစ်ဖောက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု (အမျိုးသား)အသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(အမျိုးသား)အသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြု(အမျိုးသမီး)နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု (အမျိုးသမီး)အသင်းတို့၏ ထိလဲပြား ပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်ခြင်းတို့ကို ကြည့်ရှုအားပေးကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၈ သင်းဖြင့် ဇူလိုင် ၂၀ ရက်အထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

08.07.2025