photo

နေပြည်တော်-ကျောက်ဖြူအဝေးပြေးလမ်းစီမံကိန်း အသေးစိတ်ဖြစ်တန်စွမ်း လေ့လာ ဆန်းစစ်မှု ဆောင်ရွက်လျက်ရှိ

07/10/2025

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် China Harbour Engineering Company Limited (CHEC) က နေပြည်တော်-ကျောက်ဖြူ အဝေးပြေးလမ်းစီမံကိန်း၏ ဆောင်ရွက်၍ရနိုင်သည့် လမ်းပိုင်းများတွင် အသေးစိတ် ဖြစ်တန်စွမ်း လေ့လာဆန်းစစ်မှုလုပ်ကိုင်နိုင်ရေး အဆိုပြုတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ခွင့်ပြုချက်ရရှိခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေပြည်တော်-ကျောက်ဖြူ အဝေးပြေးလမ်းစီမံကိန်းအတွက် စီမံကိန်းဖြစ်တန်စွမ်း လေ့လာဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘော တူညီချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် China Harbour Engineering Company Limited (CHEC) တို့သည် နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ရေး ကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့တွင် ပါဝင်သော သယ်ယူပို့ဆောင်ရေး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ အစည်း အဝေးများကို ၂၀၁၉ ခုနှစ်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျကျင်းပလျက်ရှိကြောင်း သိရသည်။

10.07.2025
photo

၂၀၂၅ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၄ ခု ခွင့်ပြုထားလျက်ရှိ

07/10/2025

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၃၉၄.၈၀၉ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၄ ခုကို ခွင့်ပြုထားလျက်ရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၀၉.၄၇၉ သန်းတန်ဖိုးရှိ လုပ်ငန်း ၃ ခုကို ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ DICA အနေ ဖြင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ခံစားခွင့်ပြုထားသည့်အပြင် ရင်နှီးမြှုပ်နှံမှုဆောင်ရွက်သည့် နေရာဒေသ အပေါ်မူတည်၍ ဝင်ငွေခွန် ကင်းလွတ်ခွင့် ၃ နှစ်မှ ၇ နှစ်အထိ ခံစားခွင့်ရရှိနိုင်သည်ဟု သိရှိ ရသည်။ ထို့ပြင် DICA Website (www.dica.gov.mm) မှတစ်ဆင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO)ဖြင့် ကုမ္ပဏီများကို မှတ်ပုံတင်၍ ဖွဲ့စည်းနိုင်သလို ဗီဇာသက်တမ်းတိုး ထောက်ခံချက်များကိုလည်း Online မှတစ်ဆင့် လျှောက်ထားနိုင်ရေးအတွက် MIC Permitted Companies Online Visa Application System (MOVAS) စနစ်နှင့် Online Recommendation Letter for Visa Extension စနစ်များကို အထောင်အထည်ဖော်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် ကနဦး စုံစမ်းမေးမြန်းခြင်းအတွက် Step Up Centre ထားရှိကာ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရှိရသည်။

10.07.2025
photo

အောင်မြေသာစံမြို့နယ်တွင် ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) နှင့် သီလရှင်ကျောင်း (၅၀) အား ဗီယက်နမ်ဆရာတော်နှင့်အလှူရှင်အဖွဲ့က အလှူငွေများ ဆက်ကပ်လှူဒါန်း

07/10/2025

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဝိဇယာရာမခင်မကန်ဓမ္မဗိမာန်တော်ကြီး၌ ဇူလိုင်လ(၆)ရက်တွင် နန်းတော်ရှေ့ရှိ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း(၅၀)သို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အရှင်ဝိမလထံသို့ က‌နေဒါနိုင်ငံ Trae Lam Tay Thein ဘုန်းတော်ကြီးကျောင်း ဆရာတော် HT. Thich Thein Tamq နှင့် ဗီယက်နမ်ဆရာတော် (၄)ပါး၊ သီလရှင်(၂)ပါးနှင့် အလှူရှင်များအဖွဲ့က ဇူလိုင်လ(၆)ရက်နေ့တွင် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ဗီယက်နမ်ဆရာတော်များအဖွဲ့သည် မဟာဝိဇိယာရာမ ခင်မကန်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုဇနအမှူးပြုသော ပင့်သံဃာအပါး(၅၀)တို့အား တွေ့ဆုံဖူးမြော်ကန်တော့ကြပြီး ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းရခြင်းအကြောင်း လျှောက်ထားကာ ကျောင်းထိုင်ဆရာတော် တစ်ပါးလျှင် အလှူငွေငါးသိန်းကျပ်နှုန်းဖြင့်စုစုပေါင်း အလှူငွေကျပ်သိန်း(၂၅၀)ကို လှူဒါန်း ဆက်ကပ် ကြသည်။ ထို့နောက် သံဃာတော်များက အလှူရှင်များအား မေတ္တသုတ်ရွတ်ဖတ် ဆုတောင်းပေး ကြသည်။ အလှူရှင်ဗီယက်နမ်ဆရာတော်များနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘောဇဝါဒီ သီလရှင်ကျောင်းတိုက်တွင် ငလျင်ဒဏ်သင့်သီလရှင်ကျောင်း(၅၀)မှ သီလရှင်ဆရာကြီးများအား တစ်ကျောင်းလျှင် ငွေကျပ် (၅)သိန်းစီ၊ စုစုပေါင်း အလှူငွေကျပ်သိန်း(၂၅၀) ကိုလည်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အလှူရှင်ဗီယက်နမ်ဆရာတော်များနှင့်အဖွဲ့သည် ဇူလိုင် ၆ ရက် နံနက်ပိုင်းတွင် မန္တလေးတောင် ဆုတောင်းပြည့်မြတ်စွာဘုရား၊ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် အတုမရှိ ကျောင်းတော်ကြီးရှိ စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

10.07.2025
photo

MSME ဖွံ့ဖြိုးရေး အထောက်အကူပြု နည်းပညာဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိ

07/10/2025

နေပြည်တော် ဇူလိုင် ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျသည် ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့်အရည် အသွေးအခြေခံအဆောက်အအုံ စနစ်ပါအဓိကလုပ်ငန်းစဉ် (၅) ရပ် နှင့်အညီ ရည်မှန်းချက်တာဝန်များ အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဒေသထွက်ကုန်ကြမ်းအခြေပြု MSME လုပ်ငန်းရှင်များတောင်းခံထားသော နည်းပညာများကို လွှဲပြောင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ အမျိုးသား ဓာတ်ခွဲခန်းကို နိုင်ငံတကာအသိ အမှတ်ပြုလက်မှတ်ရရှိရန် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဓာတ်ခွဲတိုင်းတာမှု ဝန်ဆောင်မှုများပေးနေသည့် အနီအောက် ရောင်ခြည်သုံးဓာတ်ခွဲခန်း၊ X ရောင်ခြည်လှိုင်းကွေ့ခြင်း နည်းပညာသုံးဓာတ်ခွဲခန်းနှင့် နမူနာပစ္စည်းများကို အငွေ့အဖြစ်ပြောင်းပြီး အော်ဂဲနစ်ဓာတုဒြပ်ပေါင်းများ ခွဲခြမ်းစိတ်ဖြာပေးခြင်း ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် နည်းပညာသုတေသနဗဟိုဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း (၂၀၂၂) ဖြင့် တည်ထောင်ထားသော နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် အမိုးတင်ဆိုလာတပ်ဆင်သုံးစွဲမှုအခြေအနေများ၊ Solar Dryer စနစ်များနှင့် ဒေါင်လိုက်ဝင်ရိုးကြောင်လိမ် လှေကားပုံစံ အသေးစားလေအား လျှပ်စစ်တာဘိုင် သုတေသနလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလှည့်လည် ကြည့်စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

သုတေသနနှင့် တီထွင်ဆန်းသစ် မှုဦးစီးဌာနသည် ယခင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း ခြောက်ခုသာဆောင်ရွက်နိုင်ခဲ့ရာမှ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းရှစ်ခု ဆောင်ရွက်နိုင်ခဲ့ပြီး အမျိုးသားဓာတ်ခွဲခန်းက ၂၀၂၄ ခုနှစ်တွင် ဓာတုကုန်ကြမ်းနမူနာ ၁၂၄၆၃ ခု၊ သယံဇာတနမူနာ ၁၆ ခု၊ ရေ/အစားအစာအမျိုးမျိုးနမူနာ ၄၅၂၆ ခုနှင့် သုတေသနပြုနမူနာ ၉၇၆ ခု တို့ကို ဓာတ်ခွဲစမ်းသပ်တိုင်းတာကာ ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ယခင်က မြန်မာစံချိန်စံညွှန်း ၄၃၉ ခုသာရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာစံချိန်စံညွှန်း ၄၅၀ ကို တိုးမြှင့်ပြဋ္ဌာန်းနိုင်ခဲ့ပြီး မြန်မာစံချိန်စံညွှန်း ၈၈၉ ခုအထိ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ကာ MSME ဖွံ့ဖြိုးရေး အထောက်အကူပြု နည်းပညာဝန်ဆောင်မှု လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

10.07.2025
photo

ကချင်ပြည်နယ် ဖားကန့်မြို့၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အရပ်သားပြည်သူတစ်ဦး သေဆုံး

07/10/2025

နေပြည်တော် ဇူလိုင် ၉

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၈ ရက် ည ၉ နာရီ ၅၅ မိနစ် တွင် ကချင်ပြည်နယ် ဖားကန့်မြို့ငှက်ပျောတောရပ်ကွက်သို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံးဝင်းအတွင်းရှိ သွပ်မိုး/ပျဉ်ကာ ၆ ခန်းတွဲ နေအိမ်လိုင်းခန်းပေါ်သို့ လက်နက်ကြီးဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်လိုင်းခန်းအတွင်း နေထိုင်သူများ ဖြစ်ကြသည့် ဒေါ်မေရီဇင်အောင် (၃၄) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါရုံးမှ ယာဉ်မောင်းဖြစ်သူ ဦးသန်းထိုက်စိုး (၃၃) နှစ်၊ ဒေါ်အေးအေးခိုင် (၄၇) နှစ်နှင့် ဒေါ်နွဲ့ကြည်(၆၂)နှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ များအသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖားကန့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသည့်နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

10.07.2025