photo

မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

07/11/2025

နေပြည်တော် ဇူလိုင် ၁၁

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရွှေစေတီဘာသန္တရသင်တန်းကျောင်း၊ ရတနာဒီပံချောင်ကျောင်းတိုက်၊ အရှေ့မှန်ကျောင်း ကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက်နှင့် ပထမမဟာဂန္ဓာရုံကျောင်းတိုက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကိုလည်းကောင်း၊ ပိုးတန်းရပ်ကွက်နှင့် စိန်ကုန်ရပ်ကွက်တို့ရှိ လူနေအဆောက်အအုံအပျက်အစီးများကိုလည်းကောင်း စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ လေးကျွန်းမြေအုဌ်ကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲတို့အား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ လေးကျွန်းမြေအုဌ်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများနှင့် ကျောင်းသား/သူများအား တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ ပူပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ရွှေကြက်ယက်ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဘုရားစေတီအပျက်အစီးများ၊ သာသနိကအဆောက်အအုံအပျက်အစီးများနှင့် စေတီတော်ကြီးပတ်ဝန်းကျင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့အား တပ်မတော်သားများနှင့် အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ စေတီတော်ရှိ ကျောက်စာရုံအား ပြန်လည်ပြုပြင်နေသည့် အခြေအနေများအားလည်းကောင်း၊ ထီးတော်ကြီးအား ပြုပြင်မွန်းမံရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နှင့် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်များသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေးတို့အား မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

12.07.2025
photo

နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေကို ဖော်ပြနေသည့် သန်းခေါင်စာရင်းအချက်အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကကိုင်တွယ်အသုံးပြုသွားရန် လိုအပ်

07/12/2025

နေပြည်တော် ဇူလိုင် ၁၁

၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ဗဟိုကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂကလူဦးရေ သန်းငါးထောင်ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လူဦးရေပြဿနာရပ်နှင့် လူမှုအဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုများကို အသိပညာမြှင့်တင်ပေးရန်ရည်ရွယ်ပြီး အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ကျင်းပလာခဲ့သည်မှာ ယခုအခါ (၃၆) နှစ်မြောက်ရှိပြီဖြစ်ကြောင်း။

မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လူဦးရေ ၅၆ ဒသမ ၂ သန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းခဲ့ကြကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ လက်ရှိလူဦးရေတွင် ၅၁ ဒသမ ၃ သန်း ကျော်သာရှိသည်ကို တွေ့ရှိရကြောင်း။

ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်

ယခင် လူဦးရေတိုးနှုန်းများအရ လူဦးရေတိုးပွားလာရမည်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ (၁၀) နှစ်တာကာလအတွင်းတွင် လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေသည့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနှုန်းသည် ၄ ဒသမ ၇ ဦးရှိခဲ့သော်လည်း၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကလေး ၂ ဒသမ ၃ ဦးနှုန်းလောက်ထိ ကျဆင်းလာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိဘနှစ်ပါးနေရာကိုသာ ပြန်လည်အစားထိုးနိုင်မည့် ၂ ဒသမ ၁ ဦး နှုန်းအောက်ကို ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလာသည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကြောင်း၊ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် ၂ ဦးအောက်ကို လျော့ကျလာပြီဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်းသိသိသာသာ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ကပ်ရောဂါဆိုးနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများအပေါ် သက်ရောက်မှုများရှိခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရကြောင်း။

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် သက်ကြီးရွယ်အိုလူဦးရေများပြားလာမှုနှင့်အတူ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားပြီး လုပ်သားကဏ္ဍလိုအပ်ချက်များ များလာခြင်းကြောင့် လုပ်သားအင်အားရွှေ့ပြောင်းမှုများ ရှိနေကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လူဦးရေလျော့နည်းလာသည့်အပြင် လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအင်မထိခိုက်စေရေးတို့အတွက် ရွှေ့ပြောင်းနေထိုင်လာမှုများကို သတိထားကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လူဦးရေပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုများအရ မကြာတော့မည့် အနာဂတ်ကာလတွင် မိမိတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေသည် ကလေးဦးရေထက် ပိုမိုများပြားလာတော့မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် တစ်သက်တာပညာသင်ယူမှုနှင့် ပြန်လည်လေ့ကျင့်သင်ကြားနိုင်မည့် အခွင့်အလမ်းများ၊ အသက်အရွယ်ပေါင်းစုံ အလုပ်လုပ်ကိုင်နိုင်သည့် လုပ်သားအင်အားစုများဖြစ်စေရန် ဖန်တီးပေးရန် လိုအပ်လာမည့်အခြေအနေဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် အသက်အရွယ်ကြီးရင့်လာသော်လည်း အလုပ်လုပ်ချင်စိတ်ရှိနေသေးသူများကို ပုဂ္ဂလိကအခန်းကဏ္ဍများတွင် အလုပ်လုပ်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ရေရှည်စီမံကိန်းများဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရှိ သင့်ပြီဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ လူဦးရေပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာသုံးသပ်နိုင်ရန်နှင့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်ရန်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မဖြစ်မနေကောက်ယူရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်အလက်များပင်ဖြစ်

မိမိတို့နိုင်ငံတော်အတွက် လိုအပ်မည့် ရေတိုရေရှည်စီမံကိန်းများတွင် အခြေခံအသုံးပြုနိုင်မည့် လူဦးရေကို သိရှိနိုင်ရန်၊ လူဦးရေပြောင်းလဲမှုဆိုင်ရာဖြစ်စဉ်များကို လေ့လာသုံးသပ်နိုင်ရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာဆန်းစစ်သုံးသပ်ရာ တွင်လိုအပ်သည့် အချက်အလက်များရရှိရန် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကောက်ယူနိုင်ခဲ့ကြောင်း၊ သန်းခေါင်စာရင်းက ရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်အခြေအနေများကို ပြသနေခြင်းဖြစ်၍ မှန်ကန်သည့်မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲနိုင်ရန်လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် သယံဇာတအရင်းအမြစ်များ ခွဲဝေရန်၊ ဘဏ္ဍာငွေခွဲဝေချထားရန်၊ လိုအပ်သည့် နေရာများတွင် စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတား စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးနိုင်ရန်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်စသည့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်အလက်များပင်ဖြစ်ကြောင်း။

ထို့ကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းက အချက်အလက်များကို သေသေချာချာ ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း (၆၈) ခု မေးမြန်းခဲ့ပြီး လူဦးရေဆိုင်ရာ အချက်အလက်များသာမက လူမှုစီးပွားဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြည်ပရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အချက်အလက်များ၊ အိမ်နှင့် အိမ်ထောင်စုအကြောင်းအရာများကို ပြည့်ပြည့်စုံစုံမေးမြန်းထားကြောင်း၊ အဆိုပါအချက် အလက်များကို အသေးစိတ်ဆန်းစစ်လေ့လာပြီး မိမိတို့နိုင်ငံ၏ မျက်မှောက်အခြေအနေကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေကို ဖော်ပြနေသည့် သန်းခေါင်စာရင်းအချက်အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကကိုင်တွယ်အသုံးပြုသွားရန် လိုအပ်ကြောင်း။

ထို့ပြင် မကြာမီ မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကိုလည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကရရှိသည့် လူဦးရေစာရင်းများက အဓိကအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် မကြာမီက ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် မြို့များ၏ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များက လွန်စွာအသုံးဝင်မည်ကိုလည်း ပြောကြားလိုကြောင်း။

နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ရောက်တိုင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်သတ်မှတ်၍ အခမ်းအနား၊ လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ကို မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေကို ထင်ဟပ်ပေါ်လွင်စေမည့် သန်းခေါင်စာရင်းအချက်အလက်များကို ထိထိရောက်ရောက် အသုံးပြုကြရန် ရည်ရွယ်ပြီး “လူမှုစီးပွားဖွံ့ဖြိုးဖို့၊ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုစို့” “From Data to Development: Using Census for Socio-Economic Advance-ment” ဟု သတ်မှတ်ထားကြောင်း။

အသက်ပေးတာဝန်ထမ်းဆောင်ခဲ့သူများကို မှတ်တမ်းတင်ဂုဏ်ပြု

ယင်းဆောင်ပုဒ်ကို သတ်မှတ်ထားရခြင်းမှာ သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်ပင်အသုံးဝင်သည့် အချက်အလက်များဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့တွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များကို တစ်တပ်တစ်အားအသုံးချ၍ နိုင်ငံတော်ရန်ပုံငွေ ကျပ်သန်းပေါင်းများစွာ အကုန်အကျခံပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချိန်များစွာ ကြိုတင်ပြင်ဆင်မှုနှင့်အတူ လူအင်အားများစွာအသုံးပြုပြီး စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းကောက်ယူစဉ် ကာလအတွင်းတွင်လည်း အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ယင်းလုပ်ငန်းများကို အသက်ပေးတာဝန်ထမ်းဆောင်ခဲ့သူများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။

ထိုသို့အခက်အခဲပေါင်းများစွာထဲက ငွေအင်အား၊ လူအင်အားအသုံးပြုပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်း၏ အချက်အလက်များကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ စာရင်းအင်းအချက်အလက် အသုံးပြုသူများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် အလေးအနက်ထားတိုက်တွန်းပြောကြားလိုကြောင်း။

ယနေ့ ကမ္ဘာ့လူဦးရေနေ့ကစပြီး မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာချမ်းသာစွာဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းက လွတ်ကင်းကြပြီး အများကောင်းကျိုးကို သယ်ပိုးနိုင်ကြပါစေ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို ကဏ္ဍအလိုက် ထိရောက်စွာ အသုံးပြုကြပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “လူမှုစီးပွားဖွံ့ဖြိုးဖို့၊ သန်းခေါင်စာရင်းအချက် အလက်များကို အသုံးပြုစို့” ဆောင်ပုဒ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနား Animation Clip ကို ပြသသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပြခန်းများနှင့် စာအုပ်၊ စာစောင်များကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

12.07.2025
photo

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ငလျင်ဘေးအလွန် တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး

07/12/2025

နေပြည်တော် ဇူလိုင် ၁၁

ငလျင်ဘေးအလွန် တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ (Technical Forum) ကျင်းပနိုင်ရေးအကြိုညှိနှိုင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် နာယကကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ငလျင်ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ သံနှင့် သံမဏိထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးအလွန် လာမည့်အနာဂတ်ကာလတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံဒီဇိုင်းများဖြင့် တည်ဆောက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တည်ဆောက်ရေး လုပ်ငန်းများတွင် စနစ်တကျ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ဆောက်လုပ်ရေးကဏ္ဍရှိ လုပ်ငန်းရှင်၊ ကန်ထရိုက်တာ၊ အင်ဂျင်နီယာ၊ တွက်ချက်ပုံစံထုတ်သူ (Designer)၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သူ၊ တင်သွင်းရောင်းချသူ အစရှိသည့် ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသူ (Stake-holder) များအနေဖြင့် “မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ- ၂၀၂၅ (MNBC-2025)”ကို မဖြစ်မနေလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း။

“အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ” မှ ဦးဆောင်၍ ဌာန အသီးသီးနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများအား ပညာရှင်များက မြေပြင်တွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော ကြီးကြပ်သူတာဝန်ခံများနှင့် ကန်ထရိုက်တာများ ပြုပြင်ရေးနည်းစနစ်များကို သိရှိနားလည်စေရန်နှင့် လုပ်ငန်းခွင်တွင် စနစ်တကျပြန်လည်အသုံးချနိုင်ရန် နေပြည်တော်တွင် ၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်က နည်းပညာဆွေးနွေးပွဲကို (Know-ledge Sharing) ကျင်းပနိုင်ခဲ့ပါကြောင်း။

ယနေ့ အစည်းအဝေးသည် ငလျင်ဘေးအလွန် တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ (Technical Forum) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်းဖြစ်၍ အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယကများ၊ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ၊ အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံငလျင်ကော်မတီတို့မှ ဥက္ကဋ္ဌတို့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နိုင်ငံတကာစံသတ်မှတ်ချက်များကို အခြေခံ၍ ပညာရှင်များနှင့် ပူးပေါင်းပြီး ငလျင်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ငလျင် ဘေးအလွန်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများတွင် အသုံးပြုမည့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသည့် ဝန်ကြီးဌာနများ/ အသင်းအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ပညာရှင်များက ငလျင်ဘေးအလွန်တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့၏ အခန်းကဏ္ဍမှ ပါဝင်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

12.07.2025
photo

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

07/12/2025

နေပြည်တော် ဇူလိုင် ၁၁

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်သွားမည့် နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုမှ ရေဘေးသင့်ကျေးရွာဖြစ်သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာများတွင် လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံချက် ဖော်ဆောင်ရေးအတွက် ဦးတည်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။

စီမံချက်ရွာနှစ်ရွာ၏ လူမှုစီးပွားရေးအခြေအနေကိုသုံးသပ်ပြီး လိုအပ်ချက်များနှင့် လုပ်ဆောင်ဖြည့်ဆည်းပေးရမည့် နည်းလမ်းလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ပြီး စီမံချက်ရေးဆွဲသွားရမည်ဖြစ်သည့်အတွက် လက်တွေ့ဖြစ်နိုင်ခြေဆန်းစစ်ချက်များ ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါဆန်းစစ်ချက်များ ပေါင်းစပ်ပြီးနောက် လုပ်စရာရှိသည့် လုပ်ငန်းများကို ဆက်လုပ်ကြရမည်ဖြစ်ပြီး လုပ်ဆောင်ချက်များ၏ အောင်မြင်ပြီးစီးမှုကိုလည်း ကာလအလိုက် ပြန်လည်သုံးသပ်ဆန်းစစ်သွားကြရမည်ဖြစ်ပါကြောင်း။

မိမိတို့ ကော်မတီအနေဖြင့် အကြမ်းဖျင်းစီမံချက်အနေဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်ရန် စဉ်းစားထားပါကြောင်း၊ ပထမအပိုင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးအတွက် အစီအမံများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ပေးပြီး ဒေသခံပြည်သူများသိရှိအောင် ရပ်ရွာအခြေပြုအသိပညာပေးလုပ်ငန်းများ ပြုလုပ်သွားကြရမည်ဖြစ်ပါကြောင်း၊ ဒုတိယအပိုင်းဖြစ်သည့် လူမှုစီးပွားရေးပြန်လည်ထူထောင်မှုအပိုင်းဖြစ်သည့် စီးပွားရေးအပိုင်းတွင် မိမိတို့ကော်မတီအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးကုန်ထုတ်သမ/နှင့် MSME များ ထူထောင်ပေးခြင်း၊ အရင်းအနှီးအတွက် မြစိမ်းရောင်၊ VDF ၊ မွေးမြူရေးအစုအဖွဲ့များကို တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် Cash for Work အစီအစဉ်များ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်၍ ရှေးဟောင်းသမိုင်းဝင်သားခိုတောင် ဒေသန္တရခရီးစဉ်ကို ညောင်ပင်သာအပန်းဖြေစခန်းနှင့် တွဲဖက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်ပါကြောင်း။

ပြည်သူ့ဆက်ဆံရေး Public Relations နှင့် ပတ်သက်၍ မကျီးပင်၊ ညောင်ပင်သာတွင်ရှိသည့် Community Center ကို အခြေပြုပြီး ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံလူထုကို သတင်းအချက်အလက်မျှဝေခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုရှေ့ပြေးစီမံချက်မှသည် ကျန်သည့်တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ဒေသအလိုက် အလားတူဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တစ်နိုင်ငံလုံးက ပြည်သူများအတွက် နမူနာအဖြစ် သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်နှင့် မိမိတို့လုပ်ငန်းကော်မတီ၏ ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည် ပြီး နိုင်ငံတော်အစိုးရအပေါ် ပိုမိုယုံကြည်အားကိုးလာနိုင်ရန်အတွက် မီဒီယာနည်းလမ်းများကတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိသွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် မီဒီယာကိုအသုံးချပြီး အရွေ့တစ်ခုကိုသွားနိုင်သည့် လုပ်ငန်းစဉ်များဖြစ်အောင် ဝန်ကြီးဌာနများကလည်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများ၏ ဒေသဆိုင်ရာအချက်အလက်များ၊ သဘာဝဘေးထိခိုက်ခဲ့မှု QIP Phase(I) အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

12.07.2025
MDD

မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခါသမယတွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့

7/12/2025

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆုံဆိုင်းဆီဖန်ဒုံတို့သည်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စစ်ပါနီးယာထော်တူးတို့သည်လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန်ဖုန်ဗီဟေးတို့သည်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

12.07.2025